ဒီဇင်ဘာလမှာတော်တော်များများခရီးသွားကြပါတယ်..ပုဂံကိုသွားဖြစ်ရင် ဘုရားသမိုင်းကြောင်းလေး သိစေချင်တဲ့ စိတ်ကူးနဲ့ အခုလိုပြန်လည် မျှဝေပေးလိုက်ပါတယ်။ ငယ်ငယ်တုန်းက မန်းတလေးမှာနေတော့ တစ်နှစ်ကို တစ်ခေါက်လောက်တော့ ပုံမှန်ရောက်ဖြစ်တယ်။ငယ်တုန်းကတော့ သမိုင်းကို အဲလောက် စိတ်မဝင်စားဘူး အသက်ကြီးလာတော့မှ သမိုင်းကို ပိုပီးစိတ်ဝင်စားလာတယ်။ ကွန်ပျူတာ တက္ကသိုလ် ပထမနှစ်က နောက်ဆုံးရောက်ခဲ့တာ ဆိုတော့ ၁၁ နှစ်ရှိပီ ပုဂံမရောက်တာ။ ဒီသီတင်းကျွတ်တော့ သွားမယ်ဆိုပီးဆုံးဖြတ်ချက် ချလိုက်တယ်..။ မသွားခင် ရန်ကုန်မြို့မှာရှိတဲ့ စာအုပ်ဆိုင်တွေမှာ ပုဂံအကြောင်းရေးထားတဲ့စာအုပ်လိုက်ရှာပါတယ်။ နောက်ဆုံးတော့ စာရေးဆရာ ပါရဂူ ရေးတဲ့ “ပုဂံခရီးသည်” ဆိုတဲ့ စာအုပ်လေးကိုတွေ့တော့…ဝယ်ဖတ်ဖြစ်ပီး။ စာရေးဆရာရဲ့ အရေးအသားတွေက ကိုယ်တောင် ပုဂံခေတ်ကို ပြန်ရောက်သွားသလိုမျိုး ကိုယ်ရှေ့မှာ ဘုရားတွေ မြင်နေရသလိုမျိုးတွေ ဖတ်ရတယ်။ စာအုပ်ထဲမှာ ထီးလိုမင်းလိုမင်းလက်ထဲမှာ တိုင်းပြည်ကြိးက စည်းလုံးညီညွတ် ပီး ညီအစ်ကိုအချင်းချင်း နနး်လုတာမရှိ။ တိုင်းသူပြည်သားတွေကလည်း ပျော်ရွှင်ကြပီး မင်းကြီးကိုလည်းသဘောကြတဲ့ အကြောင်းတွေ ပါတော့ ဒီထီးလိုမင်းလို ဘုရားလေးကို အရမ်းကြည်နူးသဘောကျ သွားတာပါ။
#ထီးလိုမင်းလိုဘုရား
နရပတိစည်သူမင်းကြီး၏ သားတော်ငါးပါးအနက် အငယ်ဆုံးသားတော်မှာ ဘွဲ့အမည်
များပြားလှသော ပုဂံမင်းတစ်ပါးဖြစ်သည်။ သီရိတိဘုဝနာဒိစ္စ ဓမ္မရာဇဿဗုဒ္ဓိမာ ဟူ၍လည်းကောင်း၊
သီရိတြိဘုဝနာဒိတျဓမ္မရာဇာ ဟူ၍လည်းကောင်း၊ နန်းတောင်းများဟူ၍လည်းကောင်း၊ ထီးလိုမင်းလို
ဟူ၍လည်းကောင်း၊ ဇေယျသိင်္ခဟူ၍လည်းကောင်း အမျိုးမျိုးခေါ်ကြသည်။ ယင်းဘွဲ့အမည်များမှာ ပါဠိ၊
သက္ကတ၊ မြန်မာ သုံးဘာသာဖြင့် မှည့်ခေါ်ထားသော ဘွဲ့အမည်များဖြစ်ကြသည်။သီရိတြိဘုဝနာဒိတျဓမ္မရာဇာဟူသော ဘွဲ့အမည်မှာ သက္ကတဘာသာစကားဖြင့် မှည့်ခေါ်ထားသောဘွဲ့အမည်ဖြစ်သည်။
သားတော်ငါးပါးအနက် အငယ်ဆုံးသားတော် ဇေယျသိင်္ခအား ခမည်းတော်
နရပတိစည်သူမင်းကြီးက အလွန်ချစ်ခင်မြတ်နိုးသည်။ တစ်ရံရောအခါ နရပတိစည်သူမင်းကြီး၏ လက်ညှိုး၌
ခူနာပေါက်သည်။
နရပတိစည်သူမင်းကြီး၏ မိဖုရားများထဲတွင် တစ်ပါးသော မိဖုရားမှာ ဥယျာဉ်သည်၏
သမီးဖြစ်သည်။ ထိုမိဖုရားသည် ခူနာကိုက်ခဲနာကျင်နေသည်ဖြစ်၍ မအိပ်နိုင်မစားနိုင် ဖြစ်နေသော
ဘုရင်မင်းကြီး၏ လက်ညှိုးကို ပါးစပ်ဖြင့် ငုံထားသည်။ မိဖုရား၏ အာငွေ့ကြောင့်
ဝေဒနာသက်သာသလိုဖြစ်သွားပြီး ဘုရင်မင်းကြီး အိပ်ပျော်သွားသည်။
ဘုရင်မင်းကြီး စက်တော်ခေါ်နေစဉ် လက်ညှိုးက ခူနာသည် မိဖုရား၏ အာငွေ့သင့်ပြီး
ပြည်ပေါက်သွားသည်။ မိဖုရားသည် ဘုရင်မင်းကြီး၏ လက်ညှိုးကို ပါးစပ်ထဲကထုတ်ပြီး ပြည်ကို
ထွေးပစ်လိုက်ပါက ဘုရင်မင်းကြီး နိုးသွားမှာစိုးသည့်အတွက် ပါးစပ်ထဲက ပြည်ကို မျိုချပစ်လိုက်သည်။
ယင်းအဖြစ်အပျက်မျိုး ဗုဒ္ဓလက်ထက်တော်ကလည်း ဖြစ်ပျက်ခဲ့ဖူးသည်။ သားတော်
အဇာတသတ်သည် ဒေဝဒတ်နှင့် ပူးပေါင်းလျက် ခမည်းတော် ဗိမ္ဗိသာရမင်းကြီးကို
ထောင်သွင်းအကျဉ်းချထားသည်။ သားတော်ကလေး မွေးဖွားလာသောအခါ အဇာတသတ်သည်
ဖခင်တစ်ဦး ဖြစ်လာ၍ မိဘမေတ္တာ ဖြစ်ပေါ်လာပြီးလျှင် သူ့ခမည်းတော်လည်း သူ့အပေါ်တွင် ထိုကဲ့သို့ပင်
မိဘမေတ္တာစိတ် ရှိလိမ့်မည်ဟု သဘောပေါက်လာသည်။ ဤတွင် ဝေဒေဟီ မိဖုရားကြီးက
အဇာတသတ်အား နောက်ကြောင်းကို ပြန်ပြောပြသည်။
အဇာတသတ် ကလေးအရွယ်က လက်တွင် အနာပေါက်သည်။ အနာပေါက်သော
အဇာတသတ်၏လက်ကို ခမည်းတော် ဗိမ္ဗိသာရမင်းကြီးက ပါးစပ်ဖြင့် ငုံထားသည်။ ထိုအတွင်း
အနာပြည်ပေါက်သွားသည်။ ခမည်းတော်မင်းကြီးသည် အိပ်ပျော်နေသော သားတော်လေး နိုးသွားမှာစိုး၍
ပါးစပ်ထဲက ပြည်ကို ထွေးမပစ်ဘဲ မျိုချပစ်လိုက်သည်။
မယ်တော်မိဖုရားကြီးထံမှ အကျိုးအကြောင်း ကြားသိရသောအခါ အဇာတသတ်သည်
အကျဉ်းချထားသော ခမည်းတော်ကို အကျဉ်းက ချက်ချင်းလွှတ်ပစ်ဖို့ စီစဉ်သည်။ သို့ရာတွင်
အချိန်နှောင်းသွားပြီ။ ဗိမ္ဗိသာရမင်းကြီးသည် အကျဉ်းထောင်ထဲတွင် ကွယ်လွန်လေပြီ။
နရပတိစည်သူအကြောင်းတွင် မိဖုရားက ဘုရင်၏လက်ကို ငုံထားပြီး အဇာတသတ်၏ အတ္ထုပ္ပတ္တိ၌
ခမည်းတော်က သားတော်၏လက်ကို ငုံထားသည်ဖြစ်၍ လင်မယားနှင့် သားအဖ
ကွဲပြားခြားနားမှုရှိသော်လည်း အနာကို ပါးစပ်ဖြင့် ငုံထားပုံနှင့် ပြည်ကို ထွေးမပစ်ဘဲ မျိုချပုံချင်း တူနေသည်။
အလားတူ တခြားဇာတ်လမ်းများလည်း ရှိသေးသည်။ သြက္ကာကရာဇ်မင်းကြီး လက်ချောင်းတွင်
ခူနာပေါက်သောအခါ မိဖုရားငယ်က လက်ချောင်းကို ငုံထားသည်။ ယင်းကို တုံ့ပြန်သည့်အနေဖြင့်
သြက္ကာကရာဇ်မင်းကြီးသည် မိဖုရားငယ်၏သားတော်ကို ထီးနန်းအရိုက်အရာခံအဖြစ် သတ်မှတ်လိုက်သည်။
ရာမာယဏ၌လည်း အလားတူဇာတ်လမ်းမျိုးရှိပါသည်။ စစ်ပွဲ၌ ဒဏ်ရာအနာတရ ဖြစ်လာသော
ဒသရဋ္ဌမင်းကြီးအား မိဖုရားငယ် ကေကေယီသည် မအိပ်ဘဲ ပြုစုသည်။ ယင်းကျေးဇူးကိုထောက်လျက်
ဘုရင်မင်းကြီးက သားတော်အကြီး ရာမကိုကျော်လွန်ပြီး ကေကေယီ၏သားတော် ဘရတအား
ထီးနန်းအရိုက်အရာခံအဖြစ် သတ်မှတ်လိုက်သည်။
နရပတိစည်သူမင်းကြီး စက်တော်ခေါ်ရာမှ နိုးလာသောအခါ အကျိုးအကြောင်း
သိရှိသွားသည်ဖြစ်၍ မိဖုရားအား လိုရာဆုကိုတောင်းစေဟု မိန့်တော်မူလိုက်လေသည်။ မိဖုရားက
သူ၏သားတော် ဇေယျသိင်္ခအား အိမ်တော်စောင့် ခန့်ထားတော်မူပါ ဟူသော ဆုကိုသာ တောင်းသည်။
ဘုရင်ကြီးသည် မိဖုရား တောင်းသောဆုအတိုင်း သားတော်ဇေယျသိင်္ခအား
နန်းတော်စောင့်ခန့်ထားလိုက်လေသည်။ သားတော် ဇေယျသိင်္ခ နန်းတော်စောင့်ရာထူးရခြင်းမှာ
ခမည်းတော်မင်းကြီးနှင့် ပိုမိုနီးစပ်မှု ရရှိသွားသည်ဖြစ်၍ ရာဇပလ္လင်ပေါ် ရောက်ရှိရေးအတွက်
ခြေလှမ်းလှမ်းလိုက်ခြင်းပင် ဖြစ်လေသည်။
နရပတိစည်သူ မင်းကြီးသည် သားတော်ငါးပါးထဲက မည်သည့်သားတော်အား
ထီးနန်းအရိုက်အရာခံအဖြစ် ရွေးချယ်ရမည်နည်းဟု စိတ်ကူးပြီးလျှင် သားတော်ငါးပါးအား တစ်နေရာ၌
စုဝေးစေလျက် –
“သားတော်တို့၏ အလယ်ဗဟို၌ ထီးဖြူစိုက်မည်။ ထီးဖြူလဲကျသွားသည့်ဘက်ကနေသည့်
သားတော်သည် ခမည်းတော်၏ထီးနန်းကို ဆက်ခံအုပ်စိုးရမည်။ တခြားသားတော်လေးပါးက
ထီးနန်းစိုးစံသော သားတော်အား ရန်မမူဘဲ ကူညီ စောင့်ရှောက်ရမည်”
ဟူ၍ မိန့်တော်မူလေသည်။ သားတော်ငါးပါးက သဘောတူကြသည်။
မင်းကြီးသည် “ထီနန်း စိုးစံထိုက်သူ သားတော်ဘက် ထီးဖြူတိမ်းညွှတ်စေသတည်း”ဟု
အဓိဋ္ဌာန်ပြုလျက် သားတော်ငါးပါး၏ အလယ်တွင် ထီးဖြူစိုက်၍ လက်ကို လွှတ်လိုက်လေသည်။ ထိုအခါ
ထီးဖြူသည် အငယ်ဆုံးသားတော် ဇေယျသိင်္ခဘက် လဲကျသွားလေသည်။
ဇေယျသိင်္ခမင်းသားအား ထီးဖြူတော်ကလည်း လိုလားသည်။ ဘုရင်မင်းကြီးကလည်း
လိုလားသည်။ ကျန်သားတော်လေးပါးကလည်း ကြည်ဖြူကြသည်။ ထို့ကြောင့် ဇေယျသိင်္ခ
နန်းတက်လာသောအခါ ထီးလိုမင်းလိုဘုရင်ဟု အမည်တွင်လေသည်။ ထီးဖြူစိုက်ရာအရပ်တွင်
ထီးလိုမင်းလိုမင်းကြီး ကိုးကွယ်တည်ထားသော ဘုရားကိုလည်း ထီးလိုမင်းလိုဘုရားဟု ခေါ်ဝေါ်ကြသည်။
ပုဂံဘုရားများအနက် ဘုရားတည်သူ ဘုရင်၏ အမည်နာမကို အစွဲပြု၍
ဘွဲ့အမည်တွင်သောဘုရားမှာ ထိုဘုရားတစ်ဆူလောက်သာ ရှိပေလိမ့်မည်။ အချို့ကမူ ထီးလိုမင်းလိုမှာ
တိလောကမင်္ဂလာဟူသော ပါဠိအမည်မှ ပုဒ်ပျက် ပါဌ်ပျက် ဖြစ်သွားပြီး ထီးလိုမင်းလိုဖြစ်လာသည်ဟု
ဆိုကြသည်။
ပုဂံရှိ ထင်ရှားသော စေတီပုထိုးများတွင် ထိုစေတီပုထိုးနှင့်ပတ်သက်သော ကျောက်စာရှိစမြဲ
ဖြစ်သည်။ ထီးလိုမင်းလိုဂူဘုရား၏ ကျောက်စာမှာ မူရင်းနေရာ၌ မရှိတော့ပြီဖြစ်သောကြောင့်
ဘုရားနှင့်ပတ်သက်၍ ခြေရာကောက်ရန် မလွယ်ကူသလို ဖြစ်နေသည်။ သို့ရာတွင် မူလကျောက်စာကို
ဘုရားကြီး၏ အရှေ့ဘက် နှစ်ဖာလုံလောက်အကွာတွင်ရှိသော ဂူဘုရားငယ်တစ်ဆူအတွင်း၌
သွားတွေ့ကြသည်။
ယင်းကျောက်စာ၌ ‘သက္ကရာဇ် ၅၆၉၊ သံဝစ္ဆရနှစ်၊ တန်ခူးလဆန်း ၁ ရက်၊ ၅ နေ့အား
သီရိတြိဘုဝနာဒိတျာ ပဝရဓမ္မ ရာဇာမည်သော နားတောင်းများမင်းကြီးသည် သဗ္ဗညုဘုရားဆုကို လိုချင်၍
ရတနာအတိဆန်းကြယ်စွာသော ဂူတော်လည်း ပြုတော်မူ၏။ ပိဋကတ် ပြုတော်မူ၏’ စသည်ဖြင့်
ရေးထိုးမှတ်တမ်းတင်ထားသည်။ ထို့ကြောင့် ထီးလိုမင်းလို ဘုရားကို သက္ကရာဇ် ၅၆၉ ခုနှစ်၌ တည်သည်ဟု
ယူဆကြသည်။ ထီးလိုမင်းလို ဘုရားသည် ပုဂံရှိ ကြီးကျယ်ခမ်းနားသော ဘုရားများထဲတွင် နောက်ဆုံး
တည်သော ဘုရားဖြစ်သည်။
ထီးလိုမင်းလိုမင်းသည် ထီးလိုမင်းလိုဘုရားအပြင် သီဟိုဠ်(သီရိလင်္ကာ)ပုံစံ စေတနာဘုရားနှင့်
မဟာဗောဓိပုံစံ မဟာဗောဓိစေတီကိုလည်း တည်သည်။ သူ့ခမည်းတော် လက်စသတ်မသွားသော
ဂေါဓောပလ္လင်ဘုရားကိုလည်း ပြီးအောင် တည်သည်။
ထီးလိုမင်းလိုမင်း၏ အခြားအမည်တစ်ခုမှာ နားတောင်းများမင်းဖြစ်၍ သူ၏ တရားရုံး၌ စီရင်သော
တရားဖြတ်ထုံးများကို နားတောင်းများမင်းဖြတ်ထုံးဟု ခေါ်လေသည်။ ယင်းဖြတ်ထုံးများမှာ သူ့အမည်ဖြင့်
ရှိနေသော်လည်း သူစီရင်သော သူ၏ကိုယ်ပိုင် ဖြတ်ထုံး ဟုတ်ဟန်မတူပေ။
နားတောင်းများမင်းသည် တိုင်းပြည်အုပ်ချုပ်ရေးထက် တရားဓမ္မရေး၌ မွေ့ လျော်သူဖြစ်သည်။
ဘုရားပုထိုးတည်ခြင်း၊ ဘုရားပုထိုးများအား ပူဇော်ကန်တော့ခြင်းများ၌ ပျော်ပိုက်သူဖြစ်သည်။
သူ့နောင်တော်လေးပါးက သူနန်းရခြင်းကို မဆန့်ကျင်ကြခြင်းမှာ တိုင်းပြည်အုပ်ချုပ်ရေးကို
သူ၏နောင်တော်လေးပါးလက်ထဲ အပ်ထားသောကြောင့် ဖြစ်ပေလိမ့်မည်။ နောင်တော်လေးပါးသည်
သူတို့၏ ဖခမည်းတော်အား ညီတော်ကို ဖေးဖေးမမ လုပ်ပါမည်ဟု ကတိပေးထားသည့်အတိုင်း
နေ့စဉ်နေ့တိုင်း စည်းဝေးတိုင်ပင်ပြီးလျှင် တိုင်းပြည်အရေးအခင်းကို ဖြေရှင်းပေးကြသည်။ ထို့ကြောင့်
နားတောင်းများမင်းလက်ထက်၌ လွှတ်ရုံးပေါ်လာခြင်း ဖြစ်ပေသည်။
နောင်တော်လေးပါးကား ဝေဠုဝတီမိဖုရားမှ မြင်သော ဇေယျသူရနှင့် ဦးဆောက်ပန်းမိဖုရားမှ
မြင်သော ရာဇသူရ၊ ပျံချီ၊ ကင်္ဂသူတို့ ဖြစ်ကြသည်။ နားတောင်းများမင်း၏ မယ်တော်မှာမူ
ဥယျာဉ်သည်၏သမီး မိဖုရားငယ်ဖြစ်သည်။
ယင်းအမြင်ဖြင့်ကြည့်လျှင် ထီးလိုမင်းလိုဘုရားသည် ကမ္ဘာ့သမိုင်းနှင့် မြန်မာ့သမိုင်း၌ ရှိသော
ထီးနန်းလုကြသည့် ထုံးတမ်းစဉ်လာများနှင့် ဆန့်ကျင်ဘက်အားဖြင့် ညီတော်နောင်တော်များ
ထီးနန်းအတွက် တုတ်တစ်ပြက် ဓားတစ်ပြက် သွေးထွက်သံယိုမဖြစ်ကြဘဲ တိုင်းပြည်နိုင်ငံအရေးကို
ရှေးရှုလျက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိကြသည် ဆိုသည့်အချက်၏ အမှတ်သင်္ကေတလည်း
ဖြစ်နေပေသည်။
ထီးလိုမင်းလိုဘုရားသည် ပုဂံအရှေ့ဘက် တစ်မိုင်ခန့်အကွာ ညောင်ဦး-ပုဂံလမ်းမဘေးတွင်
တည်ရှိသည်။ ဘုရား၏အရှေ့မုခ်သည် ညောင်ဦးဘက်လှည့်နေပြီး အနောက်ဘက်မုခ်မှာ
ပုဂံဘက်လှည့်နေသည်။ လမ်းမကြီးမှာ ဘုရား၏ မြောက်ဘက်ကျသည်။ ကားလမ်းဘက်က မုခ်သည်
ထီးလိုမင်းလိုဘုရား၏ အရှေ့မုခ် မဟုတ်ပေ။ မြောက်ဘက်မုခ်ဖြစ်သည်။ သို့သော်လည်း
မြောက်ဘက်မုခ်မှာကား လမ်းဘက်လှည့်နေပြီး ကားလမ်းနှင့်ကပ်နေသဖြင့် ဘုရာဖူးများသည် အရှေ့မုခ်က
အဝင်အထွက်နည်းလျက် မြောက်ဘက်မုခ်မှသာလျှင် ဝင်ကြထွက်ကြသည်။ ထို့ကြောင့် ထီးလိုမင်းလို
ဘုရား၌ အရှေ့မုခ်တွင် မစည်ကားဘဲ မြောက်ဘက်မုခ်၌ စည်ကားနေသည်။
ပုဂံခရီးသည်သည် ထီးလိုမင်းလိုဘုရးသို့ ရောက်လာသည်။ ထီးလိုမင်းလိုဘုရားသည်
ရွှေစည်းခုံဘုရားလို ဘုရားဆောင်ပေါ်က ဘုရားမျိုးမဟုတ်ဘဲ ပြတိုက်ထဲက
ရှေးဟောင်းပစ္စည်းဘုရားမျိုးဖြစ်၍ ရွှေရောင်လည်း ဝင်းမနေပေ။ ထုံးရောင်လည်း ဖွေးမနေပေ။ ပုဂံခေတ်
ဘုရားတည်စကကဲ့သို့ပင် ပကတိ အုတ်နီရောင်သာ ပေါ်နေသဖြင့် ပုဂံခေတ်က ပုံစံအတိုင်းပင်
ဖူးတွေ့နေရလေသည်။
ဘုရားကို လေးထောင့် မဟာရံအုတ်တံတိုင်း ကာရံထားသည်။ အုတ်တံတိုင်းမှာ
လေးငါးပေလောက်သာ မြင့်သည်။ ကားလမ်းမကြီးမှ အုတ်တံတိုင်းအထိ လမ်းခင်းထားသဖြင့်
ကားဝင်၍ရသည်။ ပုဂံခရီးသည်သည် တတိယအကြိမ် ရောက်လာစဉ်က ဘုရားတွင် ဘုရားဖူးများနှင့်
နိုင်ငံခြားခရီးသည်များ စည်စည်ကားကား ရှိနေသည်ကို တွေ့ရသည်။ မြောက်ဘက်မုခ်ဝတွင်လည်း
မုခ်အဝင် ဘေးနှစ်ဘက်၌ ရှေးဟောင်းပစ္စည်းရောင်းချသော ဈေးသည် နှစ်ဆယ် အစိတ်လောက်
အတန်းနှစ်တန်း တန်းစီ၍ ဈေးရောင်းချနေသည်ကို တွေ့ရသည်။
ယခု စတုတ္ထအကြိမ်ရောက်သွားသော အချိန်ကား ဘုရားကြီးတွင် မိမိတို့မှတစ်ပါး အခြားမည်သူမျှ
မရှိပေ။ ပျင်းရိဖွယ် ထိုင်နေသော ဘုရားစောင့်တစ်ယောက်ကိုသာ တွေ့ရသည်။ လူသူတိတ်ဆိတ်ပြီး
အလင်းရောင်အားနည်းသော ဂူဘုရားကြီးအတွင်း၌ မိမိတို့ချည်း လှည့်ပတ်ကြည့်နေရသည်မှာ ရွံ့သလို
ကြောက်သလိုပင် ဖြစ်လာသည်။ ရွှေစည်းခုံဘုရားတွင် လူစည်ကားသလောက် ထီးလိုမင်းလိုတွင်
ကျီးနှင့်ဖုတ်ဖုတ်ဖြစ်နေသည်။ တစ်ကိုယ်တည်း အေးအေးဆေးဆေးလာပြီး တရားထိုင်နေဖို့သာ
ကောင်းတော့သည်။
ထီးလိုမင်းလိုဘုရားသည် ပုဂံတစ်ဝိုက်ရှိ ကြီးမားသော လိုဏ်ဂူဘုရားကြီးများထဲတငွ ်
တစ်ဆူအပါအဝင်ဖြစ်ပြီး အနီးအနား ပတ်ဝန်းကျင်တစ်ဝိုက်၌ ကောင်းကင်အထိ မြင့်မားထိုးထွက်နေသော
အကြီးဆုံးဘုရားကြီးဖြစ်သည်။ အောက်ခြေမှ ကွမ်းတောင်ထိပ်အထိ ပေ ၁၅၀ ခန့်မြင့်သည်။
အောက်ခြေပတ်လည်မှာ တစ်ဘက်စီ ပေ ၁၄၀ ရှည်သည်။ အာရုံခံခန်းမကြီးကို အရှေ့ဘက်
မျက်နှာမူထားပြီး အခြားသုံးဘက်၌လည်း မုခ်ခုံးအာရုံခံများ ရှိသည်။
ဘုရားကြီးတစ်ဆူလုံးသည် အင်္ဂတေပန်း၊ ဘီလူးပန်းဆွဲ၊ တိုင်ထောင့်ပန်း၊ အမိုးပန်း၊ တိုင်ဖုံးပန်း၊
ပုလဲကုံးစသော ရှေးဟောင်းအနုပညာလက်ရာများဖြင့် ပုဂံခေတ်အသွင် ဆောင်နေသည်။
ပစ္စယာအဆင့်ဆင့်၌ စဥ့်ကွက် စဉ့်ပန်းများကို တွေ့ရသည်။ အတွင်းနံရံများရှိ ပန်းချီဆေးရေးများမှာ
ရာသီဥတုနှင့် ပိုးမွှားများ၏ အန္တရာယ်ကြောင့် ရှေးအသွင် မှေးမှိန်ပျောက်ကွယ်နေကြပြီ။
ဘုရားကြီးတွင် အထပ်နှစ်ထပ်ရှိသည်။ အပေါ်ထပ်သို့ တက်ရန် လှေကား နှစ်ခုရှိ၏။
နှစ်ထပ်စလုံးတွင် ဗုဒ္ဓရုပ်ပွားတော်များ ရှိသည်။ အရှေ့ဘက်မုခ်မှဝင်လျှင် ဗုဒ္ဓရုပ်ပွားတော်ကြီး၏ရှေ့မှောက်
တန်းရောက်သွားသည်။ တခြားမျက်နှာများ၌လည်း ဗုဒ္ဓရုပ်ပွားတော်များ ရှိကြသည်။ အပေါ်ထပ်တွင်လည်း
အလွန်တရာ သပ္ပါယ်သော ဗုဒ္ဓရုပ်ပွားတော်ကြီးရှိသည်။ အပေါ်ထပ်တက်သော လှေကားမှ တက်သွားလျှင်
ကွမ်းတောင်ပတ်လည် အခြေအထိ ရောက်သည်။
ပုဂံခရီးသည်သည် ထီးလိုမင်းလို လိုဏ်ဂူဘုရားကြီး၏ အပေါ်ထပ်သို့ တက်သွားသည်။
ဝင်းလက်တောက်ပသော နံနက်ပိုင်းနေရောင်ခြည်အောက်တွင် လိုဏ်ဂူ ဒုတိယအဆင့်မှ
အနောက်မျှော်ကြည့်လိုက်သည်။ နောက်ခံ တန့်ကြည့်တောင်နှင့် သာယာကြည်နူးဖွယ် ပုဂံအလှ
ပေါ်လာလေသည်။ ထီးလိုမင်းလို၏ အနောက်ဘက်တစ်ခွင်၌ ကြည့်သူ၏ စိတ်နှလုံးကို ညှို့ယူဖမ်းစားထားသော အာနန္ဒာ၊ သဗ္ဗညုစသော ထင်ရှားသည့် စေတီပုထိုးကြီးများနှင့် မထင်မရှား
ကွင်းလုံးပြည့် တစ်မျှော်တစ်ခေါ်ကြီး လှမ်းမြင်ရသည်။
ပုဂံခရီးသည်သည် မြောက်ဘက်ရှုခင်းကို မျှော်ကြည့်လိုက်ပြန်သည်။ Eရာဝတီမြစ်နောက်ခံနှင့်
မြစည်းခုံစေတီ၊ ဥပါလိသိမ် စသော စေတီပုထိုးများကို လှမ်းမြင်ရသည်။ ငြိမ်သက်နေသော ထိုရှုခင်းတွင်
သက်ဝင်လှုပ်ရှားနေသော ရှုခင်းရှုကွက်ကိုလည်း မြင်နေရသည်။ ထိုရှုခင်းရှုကွက်ကား
ထီးလိုမင်းလိုဘုရား၏ မြောက်ဘက်ရှိ ပုဂံ-ညောင်ဦးကားလမ်းတစ်လျှောက်၌ ပြတ်တောင်း ပြတ်တောင်း
ဖြတ်သန်းသွားလာနေကြသော နွားလှည်း၊ မြင်းလှည်းနှင့် ကားများဖြစ်ကြသည်။ တခွပ်ခွပ်မြည်နေသော
မြင်းခွာသံများသည် တိတ်ဆိတ်ငြိမ်သက်နေသော ထီးလိုမင်းလို ပတ်ဝန်းကျင်ကို ထွင်းဖောက်
ဖျက်ဆီးနေကြသည်။
ပုဂံခရီးသည်သည် ထီးလိုမင်းလို၏တောင်ဘက် မျက်နှာပြင်ကို မျှော်ကြည့်လိုက်ပြန်သည်။
စိမ်းလန်းစိုပြည်ခြင်း မရှိသော ဝါကြန့်ကြန့် ပြောင်းစပါးတောသည် ဘုရား၏တောင်ဘက် အုတ်တံတိုင်း
အပြင်ဘက်ကစ၍ တစ်မျှော်တစ်ခေါ်ကြီး ပြန့်ပြူးတည်ရှိနေသည်။ ပြောင်းစပါးပင်များ၏ အလွန်၌
ဘုရားငုတ်တိုများကို ကျိုးတိုးကျဲတဲ လှမ်းမြင်နေရသည်။ ယင်းဘုရားပြို ဘုရားပျက်များနှင့်
ဘုရားငုတ်တိုများသည် ယခုအခါ၌ အနိစ္စတရားဒေသနာကို ဟောကြားနေကြသော်လည်း
တစ်ခေတ်တစ်ခါကမူ ပူဇော်ဝတ်ပြုနေသူများ၊ ဘုရားဒကာ၊ ဘုရားအမများနှင့် စည်စည်ကားကားပင်
ရှိနေပေလိမ့်မည်။
ပုဂံခရီးသည်သည် ထီးလိုမင်းလိုဘုရားအပေါ်ထပ်မှ ဆွတ်ပျံ့ဖွယ် ယင်းရှုခင်းများကိုငေးမျှော်ကြည့်ရှုရင်း ရှေးခေတ်ပုဂံပြည်ကို လွမ်းဆွတ်တသ နေမိလေသည်။
Credit by >>> ပါရဂူ – ပုဂံခရီးသည်
Taking by >>>Samsung SII Plus